နှစ်ဆယ်ရာစုရဲ့ ဗိသုကာဖခင်ကြီးတွေဖြစ်တဲ့ ဖရန့်လွိုက်ရိုက်နဲ့ မီးစ်ဗင်ဒါရိုးတို့ဟာ ထင်ရှားကျော်ကြားတဲ့ အဆောက်အအုံပေါင်းများစွာ ဖန်တီး ဒီဇိုင်းလုပ်ခဲ့ကြတယ်။ ဗိသုကာ အီရိုးဆာရီနမ်ကတော့ မျဉ်းကွေးအစိပ်အပိုင်းတွေနဲ့ ရိုးရှင်းခိုင်မာတဲ့ လက်ရာတစ်ခုကို ပုံဖော်ခဲ့တယ်။
ပြန်လည်ဆန်းစစ်ကြည့်ရင် ဗိသုကာပညာလက်ရာတစ်ခုကို နားလည်တန်ဖိုးထားတတ်ဖို့ မှတ်သားစရာ သင့်ရဲ့ လက်ငါးချောင်း နဲ့ရေတွက်ကြည့်ရင်ရပါပြီ။ ဗိသုကာလက်ရာတခုမှာ နေရာနဲ့ထုသွင်ဆိုတဲ့နှစ်ခုရှိတယ်။ နေရာမှာ တည်ငြိမ်တဲ့နေရာ (static space)၊ လှုပ်ရှားနေတဲ့နေရာ (dynamic space) နှစ်ခု၊ ထုသွင် တစ်နည်း ပုံသဏ္ဍာန် (Form) မှာ ပလပ်စတစ် (Platic)၊ စကင်လင်တန် (Skeleton)နဲ့ ပလိန်နာ (Planer)ဆိုတဲ့ သုံးမျိုး ရှိတယ်။ ဒါပါပဲ။
အကာအရံ
ဗိသုကာတွေနဲ့ အင်ဂျင်နီယာတွေက အဆောက်အအုံတွေရဲ့ နံရံတွေ၊ အမိုးတွေနဲ့ ကြမ်းခင်းတွေကို အကာအရံ (Envelope)တွေလို့ခေါ်ညွှန်းကြတယ်။ ဗိသုကာလက်ရာတွေကို သိမြင်နားလည်ဖို့ အဲဒီအကာအရံတွေရဲ့ သဘောသဘာဝတွေကို ထပ်ပြီးသိရင်တော့ ပိုကောင်းပါတယ်။
ကောင်းမွန်သော ဗိသုကာလက်ရာတွေကို သိမြင်ခံစားနားလည်ဖို့ နံရံတွေကိုစူးစမ်းကြည့်ရအောင်။
နံရံတခုဟာ လူအများမြင်ကွင်းကနေ အကာဖြစ်စေတယ်။ အခန်းဆီးတခုနဲ့လည်း သီးခြားဖြစ်အောင်လုပ်ပေးနိုင်တာပါပဲ။ ခိုင်မာတဲ့ နံရံကတော့ ပိုပြီးပေးနိုင်တာပေါ့။ သီးခြားဖြစ်မှုဘယ်လောက်လိုအပ်သလဲ ဘယ်လောက်ပေးနိုင်သလဲ ဆိုတာ အတွင်းနံရံလား၊ အပြင်နံရံလား၊ နံရံတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးတာလဲ စတာတွေပေါ်မူတည်ပါသေးတယ်။ မတူညီတဲ့လိုအပ်ချက်တွေမှာ အသုံးပြုဖို့ နံရံအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ယေဘူယျအားဖြင့်တော့ နှစ်ခုခွဲခြားထားတာကတော့ အတွင်းနံရံ နဲ့ အပြင်နံရံ တွေပါ။
အတွင်းနံရံတွေဟာ များသောအားဖြင့်ပေါ့ပါးတယ်၊ ဒီဇိုင်းဝေါဟာရအရ ဆိုရင်တော့ အတွင်းနရံတွေဟာ နေရာ (space) ကိုပိုင်းခြားပေးတဲ့ အရာတွေပေါ့။ အတွင်းနံရံတွေဟာ အမိုးတွေ၊ ကြမ်းခင်းတွေနဲ့ ချိတ်ဆက်စရာမလိုအပ်လှဘူး။
ဒါကြောင့်မို့ ပေါ့ပေါ့ပါးပါးစဉ်းစားလို့ရတယ်။ သူတို့ကိုယ်တိုင် သူတို့ထောက်မထားနိုင်ရင်ရပြီလေ။ အချို့သော နံရံတွေကတော့ ပိုပြီး ထူထဲတောင့်တင်းဖို့ လိုအပ်တတ်တယ်၊ ဥပမာ မြေအောက်သိုလှောင်ခန်း၊ အဖိုးတန်ပစ္စည်းထားသိုခန်းတွေ ဆိုရင်တော့ လိုအပ်ပါတယ်။
အတွင်းနံရံတွေဟာ အတွင်းနေရာတွေကို သီးခြားဖြစ်အောင် ပိုင်းခြားပေးနိုင်ဖို့ပါပဲ။ မြင်ကွင်းကနေ၊ ဆူညံသံတွေကနေ ဒါမှမဟုတ် နှစ်ခုလုံးကနေ ကာဆီးထားပေးနိုင်ဖို့ပဲ။ အသံတစ်ခုတည်းကို ကာဆီးထားချင်ရင် မှန်နံရံတွေကို သုံးနိုင်တယ်။ လက်မဝက်အထူ မှန်ချပ်တွေဟာ အသံတွေကို ပိုပြီးကာပေးတယ်။ နံရံတွေကို အကာအတားအပြင် အသုံးကျအောင်လည်း ဒီဇိုင်းလုပ်လို့ရတယ်။ နံရံတဖြစ်လည်း ပစ္စည်းထားသိုလို့ရအောင်လုပ်နိုင်တယ်။
အပြင်နံရံ
အပြင်နံရံတွေကိုတော့ အမိုးကိုထမ်းဖို့၊ အဆောက်အအုံတခုလုံးရဲ့ ဝန်ကိုထမ်းဖို့သုံးခဲ့ကြတယ်။ အခုခေတ်မှာကျတော့ ဝန်ကို မဖြစ်မနေ ထမ်းဖို့ရယ်လို့ မဟုတ်တော့ဘူး။ အပြင်နံရံရဲ့ မျက်နှာပြင်က နှစ်မျိုး အသုံးကျတယ်။ အတွင်း မျက်နှာပြင်ကျတော့ အတွင်းနေရာနဲ့ ဆက်နွယ်သွားပြီးတော့ အပြင်မျက်နှာပြင်က ပြင်ပကအရာတွေ အတွက်အကာ၊ အထူးသဖြင့် စက်ရုံတွေ၊ လေယာဉ်ကွင်း၊ အားကစားကွင်း၊ ပန်းခြံတွေနဲ့နီးတဲ့ အဆောက်အအုံအတွက်ဆိုရင် ပြင်ပနံရံတွေဟာ အသံတွေကို တားနိုင်ဖို့လိုအပ်ပါတယ်။
အတွင်းနံရံ၊ အပြင်နံရံ အပြင် နောက်ထပ်တစ်မျိုးကတော့ အပြင်ဘက်မှာသုံးတဲ့ နံရံအလွတ်တွေပါ။ နေကာ၊လေကာအဖြစ် ဒီဇိုင်းပြုလုပ်နိုင်တယ်။ နေကာလေကာအပြင် အသုံးဝင်အောင်လည်း ဒီဇိုင်းလုပ်လို့ရတယ်။ ကျောင်းတစ်ကျောင်းမှာဆိုရင် လေတားအဖြစ်သုံးထားတဲ့ နံရံအလွတ်တွေမှာ ကျောင်းသားတွေထိုင်ဖို့ ထိုင်ခုံနဲ့ ရောပြီးဒီဇိုင်းလုပ်ထားတယ်။
နံရံတွေဟာ အဆောက်အအုံဒီဇိုင်းမှာအရေးပါလှတယ်။ ခံညားပြီးစွဲဆောင်မှုရှိတဲ့ ပြင်ပကမြင်ကွင်းကိုရယူချင်တယ်ဆိုရင်တော့ မှန်နံရံကို အသုံးပြုဖို့သင့်လျော်တယ်။ မှန်နံရံဟာ အခန်းတစ်ခန်းကို ကျယ်လာသယောင်ဖြစ်စေသလို၊ အတွင်းအပြင် နယ်နမိတ်အဖြစ် သိသိသာသာကြီး စည်းခြားမနေဘူး။ ပြင်ပကလူတွေကို အတွင်းကိုမြင်စေချင်တဲ့ မော်တော်ကား အရောင်းပြခန်းလို အဆောက်အအုံတွေအတွက်လည်း သင့်တော်တဲ့နံရံမျိုးပဲ။ အလင်းရောင်ကိုလည်း ကောင်းကောင်း ရစေတယ်လေ။
ပြင်ပနံရံတွေဟာ အုတ်နံရံ၊ ကွန်ကရစ်နံရံ၊ ကျောက်တုံးနံရံ၊ မှန်နံရံ၊ စတီးလ်နံရံ စတာတွေ ဖြစ်နိုင်တယ်။ အသုံးပြုတဲ့ ပစ္စည်းအမျိုးအစားအလိုက် အမြင်အမျိုးမျိုး၊ နေထိုင်အသုံးပြုရတဲ့ ခံစားမှုအမျိုးမျိုးကို ဖြစ်စေတယ်။ နံရံအမျိုးမျိုးဟာ သင့်ကို ဘယ်လိဖြစ်စေသလဲ၊ မာကျောစေသလား၊ ပျော့ပြောင်းစေသလား၊ နွေးထွေးစေသလား၊ အေးစေသလား၊ ခေတ်မှီရဲ့လား၊စတာတွေပေါ့။
ခေါင်မိုး
အကာအရံတွေမှာ အရေးကြီးဆုံး အစိပ်အပိုင်းကတော့ ခေါင်မိုးပါပဲ၊ မိုးဒဏ်၊နေရောင်ဒဏ်ကို အကာအကွယ်ပေးနိုင်ဆုံးအရာမို့ပါပဲ။ ခေါင်မိုးတွေဟာ သမိုင်းတစ်လျှောက်မှာ အမြင်ပသာဒအတွက် တော်တော်ပဲ အရေးပါခဲ့တယ်။ အလယ်ခေတ်က ဘုရားကျောင်းခေါင်မိုးတွေဟာ မြို့ရဲ့ပုံရိပ်ကောက်ကြောင်းမှာ အထင်အရှားဖြစ်ခဲ့တယ်။ တစ်ဝက်စောက်ခေါင်မိုးတွေကတော့ ဆယ့်ခုနှစ်ရာစု ပြင်သစ်အဆောက်အအုံ တွေရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ရပ်။ ဂျပန်တွေရဲ့ အုပ်ကြွပ်အမိုးပြားတွေကတော့ ဂျော်ဂျီယမ် အဆောက်အအုံတွေရဲ့ သင်ပုန်းကျောက်အမိုးတွေလို၊ စပိန်နဲ့မက်က္ကဆီကိုက အုတ်ကျောက်ပြားအမိုးတွေလိုပဲ အနီးအနား ဝန်းကျင်တစ်ခုလုံးနဲ့ ဆီလျော်မှုရှိစေလှတယ်။ ယနေ့ခေတ်အမေရိကန်ပြည်ထောင်စုရဲ့ တစ်ချို့သောအဆောက်အအုံတွေမှာ ရွှေရောင်လိပ်ခုံးအမိုးတွေဟာ အဆောက်အအုံ ကောက်ကြောင်းတွေမှာ တောက်ပ ထင်ပေါ်နေစေတယ်။
အခုခေတ်မှာတော့ အဆောက်အအုံဒီဇိုင်းတွေလုပ်တဲ့အခါမှာ ခေါင်မိုးတွေဟာ ဦးစားပေးစဉ်းစားစရာ မဟုတ်တော့ဘူး။ ဗိသုကာတွေဖြစ်တဲ့ မီးစ်ဗင်ဒါရိုး၊ လီကော်ဗူးဆေး၊ ဝေါ်လတာဂရိုးပီးယပ်စ် နဲ့ မာဆယ်ဗရှုးဝါးတို့ဆိုရင် ဒီဇိုင်းလုပ်တဲ့ အဆောက်အဦးတွေမှာ ခေါင်မိုးရယ်လို့ထင်ပေါ်တော့တာမဟုတ်ဘူး။ သူတို့က အခိုင်အမာပဲပြောကြတယ်၊ အဆောက်အအုံတွေမှာ ဦးထုပ်မလိုပါဘူး။ ထုသွင်တစ်ခုလုံးမှာ အမိုးရယ်လို့မပါပဲ နံရံတွေနဲ့ပဲ အမြင်ပသာဒကို ထိန်းလို့ရပါတယ်တဲ့။
အမိုးတွေဆိုတာ ထီးလိုပါပဲ၊ အပြင်နံရံတွေကို အကာအကွယ်ပေးပါတယ်။ နံရံတွေလိုပဲ အမိုးမှာလည်း အကာအရံထဲကိုအလင်းရောင်ပေးဖို့ အဖွင့် (opening) တွေလိုအပ်တတ်ပါတယ်။ တကယ်တော့အမိုးဆိုတာ ပူပြင်းစွာကျရောက်တတ်တဲ့ နေရောင်အပူဒဏ်ကို ပြန်ထွက်သွားစေနိုင်တဲ့ အကာဖြစ်ရမယ်လေ။
မြို့လည်ခေါင်မှာတည်ဆောက်တဲ့ ပိုပြီးနိမ့်တဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးတွေဟာ ပိုပြီးမြင့်တဲ့ အဆောက်အအုံကနေကြည့်ရင် အမြင်ပသာဒ လှပဖို့လိုအပ်တတ်တယ်။ များသောအားဖြင့် အပေါ်ဆုံးခေါင်မိုးတွေမှာ ဓတ်လှေကားအိမ်၊ ဓာတ်ငွေ့ထုတ်ပိုက်၊ ရေပိုက်၊လေအေးပေးစက်တွေ၊ ပါရပက် (parapet) နံရံတွေကိုထိန်းထားတဲ့ဘောင်တွေနဲ့ ရှုပ်ယှက်ခတ်နေတတ်လို့ပါပဲ။ အဲဒီလို စက်မှုပိုင်းဆိုင်ရာတွေဟာ လိုအပ်နေမှာပဲမို့ လှပသွားအောင်ဒီဇိုင်းလုပ်ရမှာက ဗိသုကာတွေရဲ့ တာဝန်ပဲလေ။
ကြမ်းခင်း
လမ်းလျှောက်သွားနေတဲ့ အချိန်မှာ သင်သတိပြုမိတာထက်ပိုပြီး အောက်ကိုငုံ့ကြည့်မိတတ်တယ်။ လူတွေဟာ လျှောက်လှမ်း နေတဲ့ အောက်က ပြင်ညီကို ဘေးကနံရံတွေထက်ပိုပြီးသတိထားမိတတ်ကြတယ်။ အတွေ့အကြုံရှိတဲ့ ဗိသုကာတွေဟာ အဲဒီအချက်ကိုသတိထားတယ်။ ဒါကြောင့် ကြမ်းခင်းတွေ ခင်းမယ့်ပစ္စည်းရဲ့ အရောင်၊ အနုအကြမ်း ဒီဇိုင်းတွေကို သေချာရွေးချယ်ကြတယ်။ ဗိသုကာလွိုက်ကတော့ ကြမ်းခင်းအတွက် ဒေသထွက် ကျောက်တုံးခင်းတာကိုနှစ်သက်တယ်။ မီးစ်ကတော့ မာဘယ်လ်ကျောက်ပြားနဲ့ တာရာဇိုကြမ်းခင်းကိုနှစ်သက်တယ်။ သစ်သားကတော့ ဗိသုကာတွေအတော်များများပဲ နှစ်သက်ကြတယ်။ အုတ်၊ မာဘယ်လ်၊ သစ်သားနဲ့ ကော်ဇောကြမ်းပြင်တွေပေါ်မှာ လျှောက်လှမ်းရတာ ခြေဖျားကနေ ဦးဏှောက်အထိ မတူညီတဲ့ ထူးခြားတဲ့ ခံစားမှုကိုရစေတယ်။ ကျောင်းဆရာ၊ဆရာမတွေ အသေအချာပြောနေတဲ့ အရာတခုကတော့ စာသင်ခန်းတခုမှာ ကော်ဇောခင်းပေးတာဟာ ကျောင်းစည်းကမ်းဆိုင်ရာ ပြဿနာတွေကိုတောင် လျှော့ချပေးနိုင်တယ်တဲ့။
ကြမ်းခင်းတွေဟာ အလင်းရောင်ရရှိမှုကို အထောက်အပံ့ဖြစ်စေတယ်။ ဒါမှမဟုတ်ရင်လည်း အလင်းစူးစေနိုင်တယ်။ အနိမ့်အမြင့်မတူတဲ့ ကြမ်းပြင်တွေဟာ အမြင်မှာတစ်မျိုးဖြစ်စေတယ်။ အနိမ့်အမြင့်မတူတဲ့ မြေအနေအထားတွေမှာ အဆင့်လိုက် ကြမ်းခင်းခင်းမယ်ဆိုရင်တော့ အဆောက်အအုံအတွက် ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။ ပြီးတော့ လူအတော် များများဟာ အထပ်ခွဲ တွေမှာ နေထိုင်ရတာကိုလည်း နှစ်သက်တတ်ကြတယ်။ အထပ်ခွဲအိမ်၊ အထပ်ခွဲ စားသောက်ဆိုင်နဲ့ အထပ်ခွဲ စာသင်ခန်းတွေတောင် ဆွဲဆောင်မှုရှိစေတယ်။ ကွန်တိုအနိမ့်အမြင့်ပေါ်မှာ တည်ဆောက်တဲ့ အဆောက်အအုံတွေဟာ လူအများစု နှစ်သက်တတ်ကြတာမဟုတ်ပါလား။
အဲဒီလို အဆောက်အအုံတွေထဲကို ခြေလှမ်း လှမ်းဝင်လိုက်တဲ့အခိုက် သင့်စိတ်ရဲ့တုံ့ပြန်မှုကို သတိထားမိတတ်ကြပါသလား၊ ကြမ်းပြင်ကို ပထမဦးဆုံးကြည့်မိတာ သတိထားမိရဲ့လား၊ အဲဒီကြမ်းပြင်ပေါ်မှာ လျှောက်ရတာ ဘယ်လိုနေလဲ၊ အထပ်ခွဲတွေက ပေးတဲ့ အာရုံခံစားမှုကို သင်နှစ်သက်ရဲ့လား။
အဆောက်အအုံပြင်ပကကြမ်းပြင်တွေ ဥပမာ ကွပ်ပြစ၊် ကပြင်၊ ကွက်လပ်အလွတ် နဲ့ လျှောက်လှမ်း တွေဟာလည်း ဗိသုကာပညာအပေါ်မှာ နားလည်ခံစားတတ်ဖို့ ပံ့ပိုးပေးတဲ့အရာတွေပါပဲ။ ဗိသုကာ ရစ်ချတ်နွိုက်တျာ ဟာ အဆောက်အအုံ အတွင်းနဲ့အပြင်မှာ ကြမ်းခင်းတဲ့ပစ္စည်းကို တစ်မျိုးတည်းသုံးတယ်၊ အတွင်းနဲ့အပြင်မှာ အမြင်အရ ခွဲခြားမပေးချင်လို့ရယ်၊ ကြမ်းခင်းပြင်ညီကို ဆွဲဆန့်တဲ့ ဒီဇိုင်းအိုင်ဒီယာရယ်ကြောင့်ပါပဲ။
နောက် ဗိသုကာ အီရိုးဆာရီနန်ကတော့ သူ့ရဲ့ တာမီနယ် အဆောက်အအုံတစ်ခုလုံးကို ပစ္စည်း တစ်မျိုးတည်းပဲ သုံးလိုက်တဲ့ အပြင် အဆောက်အအုံကိုလည်း ပုံသွင်းထားတဲ့ပုံစံ ဖြစ်နေလေတော့ အဲဒီထဲကို ရောက်ဖူးသူတိုင်းက ပန်းပုရုပ်တခုထဲကို လျှောက်သွားနေရသလိုပဲလို့ ဆိုကြတယ်။
Original Post from : ဗိသုကာ စာမျက်နှာ